လန်ချန်း-မဲခေါင် ယဉ်ကျေးမှုတွေဟာ နှလုံးသားထဲ စိမ့်ဝင် ရင်းနှီး နွေးထွေးလာပြီ
ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများအတွက် ချီးမြှင့်တဲ့ ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုကို တကယ်ကို ဂုဏ်ယူ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့် အမြင်ကိုပြောပြရမယ်ဆိုရင် ဒီလိုစာပေဆိုင်ရာ လှုပ်ရှားမှုကို ကျင်းပပေးခြင်းဟာ လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံတွေအကြား အလွန်ကို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုလို့ မြင်ပါတယ်။ မဲခေါင်ဒေသနိုင်ငံတွေအချင်းချင်း စာပေ၊ ယဉ်ကျေးမှု၊ ဂီတ အနုပညာတွေ ကူးလူးဖလှယ်နိုင်ဖို့အတွက် ဆုရွေးချယ်ထားတဲ့ စာအုပ်တွေကို နိုင်ငံကိုယ်စီက မိမိတို့နိုင်ငံရဲ့ ဘာသာစကားတွေနဲ့ အပြန်အလှန် ပြန်ဆိုရေးသားထုတ်ဝေပေးသင့်ပါတယ်။ ဒါမှလည်း လန်ချန်း-မဲခေါင်ဒေသသူ၊ ဒေသသားအချင်းချင်း ယဉ်ကျေးမှုတွေဟာ နှလုံးသားထဲမှာ စိမ့်ဝင် ရင်းနှီး နွေးထွေးလာပြီး ချစ်ကြည်ရင်းနှီး သွေးစည်းမှုတွေ ပိုလာလိမ့်မယ်လို့ မြင်မိပါတယ်။ နောက်ဆုံး လန်ချန်း-မဲခေါင်ဒေသကြီးဟာ စာပေဝတ်မှုန်တွေ ကူးလူးသင်းထုံစေမယ်ဆိုရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဘဝနဲ့ ယဉ်ကျေးမှုတွေဟာ ပိုမိုကောင်းမွန် မြန်ဆန်လာတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများအကြား ယဉ်ကျေးမှုနဲ့ ကူးလူးဖလှယ်မှု မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းဟာ စောစောက တင်ပြဆွေးနွေးခဲ့သလို မဲခေါင်စာပေဆုရစာအုပ်တွေကို လန်ချန်း- မဲခေါင်ဒေသမှာရှိတဲ့နိုင်ငံတွေအချင်းချင်း မိမိနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ပေးဖို့ လိုပါတယ်။ ပြီးရင် ဒီဒေသအတွင်း ကလေးစာပေ၊ လူငယ်စာပေတွေနဲ့ပတ်သက်ပြီး ဖျော်ဖြေရေး အစီအစဉ်တွေကို ဖိတ်ခေါ်ကျင်းပပေးဖို့ လိုပါတယ်။ ဒါမှလည်း လန်ချန်း- မဲခေါင်ဒေသအတွင်း အနာဂတ် လူငယ်တွေ ပိုမိုချစ်ကြည်ရင်းနှီးလာမှာ ဖြစ်ပါတယ်။ အနာဂတ် လူငယ်တွေ ပိုမိုရင်းနှီးချစ်ကြည် နွေးထွေး လာတာနဲ့အမျှ မဲခေါင်ဒေသရဲ့ အဝန်းအဝိုင်းဟာ ပိုမို ကျစ်လစ်ခိုင်မာ လာလိမ့်မယ်လို မြင်ပါတယ်။