လန်ချန်း-မဲခေါင် ယဉ်ကျေးမှုတွေဟာ နှလုံးသားထဲ စိမ့်ဝင် ရင်းနှီး နွေးထွေးလာပြီ
၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုကို မြန်မာနိုင်ငံမှ စာရေးဆရာ အကြီးကိုကို (ကသာ)က ''ပြိုပျက်ခဲ့သော သက္ကရာဇ်များ'' စာအုပ်ဖြင့် ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့ပါသည်။ မဲခေါင်စာပေဆု ရရှိခဲ့သည့် စာရေးဆရာ အကြီးကိုကို (ကသာ)က လန်ချန်း-မဲခေါင်ဒေသကြီးဟာ စာပေဝတ်မှုန်တွေ ကူးလူးသင်းထုံလာပြီဟု သူ၏အမြင်ကို အခုလို ပြောပြထားပါသည်။
အကြီးကိုကို
မဲခေါင်စာပေဆုရရှိခဲ့တဲ့ "ပြိုပျက်ခဲ့သောသက္ကရာဇ်များ" ဝတ္ထုတိုစုစည်းမှုစာအုပ်ဟာ ကျွန်တော် ဖြတ်သန်းခဲ့သော ဘဝအပိုင်းတွေနဲ့ အတွေးစိတ်ကူးများကို ပေါင်းစပ်ရေးသားထားတာပါ။ ဒီစာအုပ်ဟာ ကျွန်တော့်ရဲ့ ငယ်ဘဝတုန်းက ဘဝရေယာဉ်ကြောမှာ ဖြစ်တည်စီးဆင်းခဲ့ရတဲ့ ဘဝအချိုးအကွေ့ ရေစီးကြောင်းတွေနဲ့ အပိုင်းပိုင်းအလဲလဲ ပြိုပျက်ခဲ့တဲ့ ဘဝထဲက ရသအပိုင်းအစတွေလို့ ဆိုချင်ပါတယ်။ ဘဝရေဆန်ကို လှော်ခတ်ချိန်မှာ ကျိုးအက်ခဲ့ရတဲ့တက်၊ ပျက်စီးခဲ့ရတဲ့ ရွက်နဲ့ အပိုင်းပိုင်းအဆစ်ဆစ် ခါးသက်စွာ ပြိုပျက်ခဲ့တဲ့ အချိန် သက္ကရာဇ်တွေကို ထုဆစ်ရေးဖွဲ့ထားခြင်းလည်း ဖြစ်ပါတယ်။ ဘဝဆိုတာ " ပျို ပြီးရင်ပြို၊ တည် ပြီးရင် ပျက်တာဟာ၊ ရှောင်လွဲလို့ရတဲ့ မေတ္တာတရားလေ၊ အဲဒီ ပြိုပျက်ခဲ့တာတွေကို သက္ကရာဇ်တွေနဲ့ ထုဆစ်ပုံဖော်ဖြစ်လိုက်တဲ့ ကျွန်တော့်ရဲ့ ဝတ္ထုတိုစုစည်းမှု"လို့ ပြောလို့ရပါတယ်။
ဒါကြောင့် ဒီစာအုပ်ကနေ စာရေးသူကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ဖတ်မှတ်လေ့လာပြီး ယနေ့ မဲခေါင်နိုင်ငံမှာရှိကြတဲ့ လူငယ်တွေရဲ့ လှပတဲ့အနာဂတ်တွေ၊ ကြံ့ခိုင်တဲ့ လူ့အသိုက်အမြုံတွေနဲ့ ကိုယ်ကျင့်တရားတွေ၊ သာယာလှပတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေကို ရရှိစေဖို့ရယ်၊ စာရေးသူ ကျွန်တော့်လို ကြိုးစားမယ်ဆိုရင် အောက်ခြေအလုပ်သမားဘဝကနေ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် လုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင်ပါတယ်ဆိုပြီး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဒီစာအုပ်ကို ကျွန်တော် ရေးသားဖြစ်ပါတယ်။