မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တရုတ်-မြန်မာ ပူးတွဲကျင်းပ
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား၌ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဌ Mr. Deng Boqing ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms. Li Malin ၊ တယ်ဟုန်ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူး Mr. Wei Gang ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့ အသီးသီး အမှာစကားပြောကြားကြပါသည်။
တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဌ Mr. Deng Boqing အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့်ရက်ပိုင်းက အာဆီယံအတွင်းရေးမှူးရုံးမှ “အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်မှုနှင့် ပတ်သက်သည့် Pledging Conference” ကျင်းပခဲ့ရာ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မှ စာဖြင့်မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ကူညီထောက်ပံ့မည်ဟု ကြေညာခဲ့ကြောင်း၊ ယနေ့တွင် မိမိတို့ ကူညီထောက်ပံ့သည့် ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းသည် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်မှု ဖြစ်ကြောင်း၊ အာဆီယံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် နောက်ထပ်အစီအမံတစ်ရပ်လည်း ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံ၏ ကူညီမှုမှတစ်ဆင့် မြန်မာနိုင်ငံအား ကပ်ရောဂါကာကွယ်ရေးတံတိုင်း ခိုင်မြဲစေရန် အကူအညီပေးနိုင်ပြီး ကပ်ရောဂါကို ဆောလျင်စွာ အနိုင်ယူကာ တည်ငြိမ်အေးချမ်းသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။