နွေးထွေးမှုများပေးစွမ်းသောရပ်ကွက်စားသောက်ဆိုင်
“ဒီနေ့ နေ့လယ်မှာဝက်သားစဉ်းကော၊ မှိုအသားကြော်၊ ငါးအချိုနှပ်၊ ကြက်ဥဟင်းရည်တို့နဲ့ စားရတာအဆင်ပြေတယ်။” အသက် ၈၇ နှစ်အရွယ် တရုတ်နိုင်ငံဟိုပေပြည်နယ် ချန်တယ်မြို့ ပင်းဟိုရပ်ကွက်တွင်နေထိုင်သူကျန်းယွိဖုသည် တစ်ကိုယ်တည်းနေထိုင်သောအဘွားအို ဖြစ်သည်။ သူမ၏ ကလေးများသည် ပုံမှန်အားဖြင့် အလုပ်များနေကြပြီးအလုပ်ပိတ်ရက်မှသာသူမကိုလာကြည့်နိုင်သည်။ ယခင်ကသူမသည် ကိုယ်တိုင်ချက်ပြုတ်ပြီးဟင်းတစ်မျိုးတည်းသာချက်ပြုတ်သည်။ ညတွင် ဟင်းကျန်ထမင်းကျန်ကို ပြန်နွှေးပြီးဗိုက်ပြည့်အောင်သာ ဖြစ်သလိုစားလိုက်သည်။ ယခုအခါ ရပ်ကွက်စားသောက်ဆိုင်တွင် ထမင်းစားပြီးအနပ်တိုင်းဟင်းအလွန်ကြွယ်ဝလှသည်။
ချန်တယ်မြို့ ပင်းဟိုရပ်ကွက်တွင် နေထိုင်သူ ၃၇၀၀ ကျော်ရှိပြီး ၎င်းအနက် သုံးပုံတစ်ပုံခန့်သည် အသက် ၆၀ ကျော်သူများ ဖြစ်သည်။ အစိုးရဦးဆောင်မှု၊ လုပ်ငန်းရှင် လုပ်ငန်းလည်ပတ်မှု၊ အများပါဝင်မှု ပုံစံဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ရပ်ကွက်သက်ကြီးရွယ်အိုစားသောက်ဆိုင်ကိုတရားဝင် ဖွင့်လှစ်ခဲ့သည်။ ထမင်းဟင်းကိုအချိုဓာတ်နည်းသောထမင်းဟင်းပွဲနှင့် အဆီနည်းသောထမင်းဟင်းပွဲဟူ၍ ခွဲခြားထားပြီးအနပ်တိုင်းဟင်းအမျိုးအမည်မထပ်လေအောင် စီစဉ်ထားရာသက်ကြီးရွယ်အိုများအကြားအလွန်ရေပန်းစားသည်။
ဤနေရာတွင် ထမင်းဟင်းဈေးနှုန်းလေးမျိုးရှိသည်။ အသက် ၆၀ နှစ်အောက်အတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာကိုပေါက်ဈေးအတိုင်း ၇.၅ ယွမ်၊ ၁၅ ယွမ်၊ ၇.၅ ယွမ်ဟုသတ်မှတ်သည်။ အသက် ၆၀ နှစ်အထက်၊ ၈၀ နှစ်အောက် သက်ကြီးရွယ်အိုများအတွက် ဈေးနှုန်းအရင်းအတိုင်း ၅ ယွမ်၊ ၁၀ ယွမ်၊ ၅ ယွမ် သတ်မှတ်သည်။ အသက် ၈၀ နှစ်အထက်၊ ၉၀ အောက် သက်ကြီးရွယ်အိုများအတွက် ပေါက်ဈေး၏ တစ်ဝက်ဈေးကိုသာသတ်မှတ်သည်။ အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများသည် အခမဲ့ စားသုံးနိုင်သည်။