မြန်မာဘာသာ

နွေးထွေးမှုများပေးစွမ်းသောရပ်ကွက်စားသောက်ဆိုင်

criPublished: 2022-03-01 16:01:01
Share
Share this with Close
Messenger Pinterest LinkedIn

“ဒီနေ့ နေ့လယ်မှာဝက်သားစဉ်းကော၊ မှိုအသားကြော်၊ ငါးအချိုနှပ်၊ ကြက်ဥဟင်းရည်တို့နဲ့ စားရတာအဆင်ပြေတယ်။” အသက် ၈၇ နှစ်အရွယ် တရုတ်နိုင်ငံဟိုပေပြည်နယ် ချန်တယ်မြို့ ပင်းဟိုရပ်ကွက်တွင်နေထိုင်သူကျန်းယွိဖုသည် တစ်ကိုယ်တည်းနေထိုင်သောအဘွားအို ဖြစ်သည်။ သူမ၏ ကလေးများသည် ပုံမှန်အားဖြင့် အလုပ်များနေကြပြီးအလုပ်ပိတ်ရက်မှသာသူမကိုလာကြည့်နိုင်သည်။ ယခင်ကသူမသည် ကိုယ်တိုင်ချက်ပြုတ်ပြီးဟင်းတစ်မျိုးတည်းသာချက်ပြုတ်သည်။ ညတွင် ဟင်းကျန်ထမင်းကျန်ကို ပြန်နွှေးပြီးဗိုက်ပြည့်အောင်သာ ဖြစ်သလိုစားလိုက်သည်။ ယခုအခါ ရပ်ကွက်စားသောက်ဆိုင်တွင် ထမင်းစားပြီးအနပ်တိုင်းဟင်းအလွန်ကြွယ်ဝလှသည်။

ချန်တယ်မြို့ ပင်းဟိုရပ်ကွက်တွင် နေထိုင်သူ ၃၇၀၀ ကျော်ရှိပြီး ၎င်းအနက် သုံးပုံတစ်ပုံခန့်သည် အသက် ၆၀ ကျော်သူများ ဖြစ်သည်။ အစိုးရဦးဆောင်မှု၊ လုပ်ငန်းရှင် လုပ်ငန်းလည်ပတ်မှု၊ အများပါဝင်မှု ပုံစံဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ရပ်ကွက်သက်ကြီးရွယ်အိုစားသောက်ဆိုင်ကိုတရားဝင် ဖွင့်လှစ်ခဲ့သည်။ ထမင်းဟင်းကိုအချိုဓာတ်နည်းသောထမင်းဟင်းပွဲနှင့် အဆီနည်းသောထမင်းဟင်းပွဲဟူ၍ ခွဲခြားထားပြီးအနပ်တိုင်းဟင်းအမျိုးအမည်မထပ်လေအောင် စီစဉ်ထားရာသက်ကြီးရွယ်အိုများအကြားအလွန်ရေပန်းစားသည်။

ဤနေရာတွင် ထမင်းဟင်းဈေးနှုန်းလေးမျိုးရှိသည်။ အသက် ၆၀ နှစ်အောက်အတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာကိုပေါက်ဈေးအတိုင်း ၇.၅ ယွမ်၊ ၁၅ ယွမ်၊ ၇.၅ ယွမ်ဟုသတ်မှတ်သည်။ အသက် ၆၀ နှစ်အထက်၊ ၈၀ နှစ်အောက် သက်ကြီးရွယ်အိုများအတွက် ဈေးနှုန်းအရင်းအတိုင်း ၅ ယွမ်၊ ၁၀ ယွမ်၊ ၅ ယွမ် သတ်မှတ်သည်။ အသက် ၈၀ နှစ်အထက်၊ ၉၀ အောက် သက်ကြီးရွယ်အိုများအတွက် ပေါက်ဈေး၏ တစ်ဝက်ဈေးကိုသာသတ်မှတ်သည်။ အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများသည် အခမဲ့ စားသုံးနိုင်သည်။

ချန်တယ်မြို့ ပင်းဟိုရပ်ကွက်စားသောက်ဆိုင်တွင် လူ ၇၀ နီးပါးရှိသော “ငွေရောင်ဆံပင်” စေတနာ့ဝန်ထမ်းအဖွဲ့လည်းရှိပါသည်။ စေတနာ့ဝန်ထမ်းများသည် ထမင်းစားချိန်အတွင်းစားသောက်ဆိုင်၌ ဝန်ထမ်းများကိုကူညီ၍ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နေရာစနစ်တကျရှိစေရေး၊ ထမင်းဟင်းခူးခပ်ပေးခြင်းစသည်တို့ကိုဆောင်ရွက်ပေးပါသည်။ အခြားအချိန်များတွင်လည်းသွားလာလှုပ်ရှားမှုအဆင်မပြေသည့် ရပ်ကွက်နေသက်ကြီးရွယ်အိုများအတွက် ကိုယ်စားဈေးဝယ်ပေးခြင်းစသည့် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုကိုလည်းပေးအပ်သည်။ ရပ်ကွက်မှ “အချိန်ဘဏ်” ထူထောင်ထားပြီးစေတနာ့ဝန်ထမ်းများ၏ ဝန်ဆောင်မှုအခြေအနေများကိုအသေးစိတ် မှတ်တမ်းတင်၍ ၎င်းတို့၏ “ကိုယ်ပိုင်အကောင့်” ထဲသို့ ထည့်သွင်းပေးသည်။ ထိုသက်ကြီးရွယ်အိုစေတနာ့ဝန်ထမ်းများစောင့်ရှောက်မှုလိုအပ်သည့်အခါ မိမိ၏ အကောင့်ထဲမှ “အကျိုးဆောင်မှုတန်ဖိုး” ကိုထုတ်ယူ၍ ရပ်ကွက်အတွင်းသက်ဆိုင်ရာဝန်ဆောင်မှုများကိုခံစားနိုင်သည်။

သက်ကြီးရွယ်အိုများပင်စင်ယူပြီးနောက် လူမှုဘဝအတွက် ဆက်လက်အကျိုးဆောင်ခြင်းနှင့် သက်ကြီးရွယ်အိုများစောင့်ရှောက်မှုခံယူခြင်းတို့ကိုပေါင်းစပ်ပြီးမူဝါဒအစီအမံများကို ပြီးပြည့်စုံအောင် လေ့လာဆောင်ရွက်ကြရန်၊ သက်ကြီးရွယ်အိုများဆက်လက်ထွန်းတောက်နေစေရန်အားပေးကူညီရန်၊ အသက်သိပ်မကြီးသေးသည့် သက်ကြီးရွယ်အိုများ၏ အခန်းကဏ္ဍကိုအပြည့်အဝဖော်ထုတ်ကြရန်၊ ရပ်ရွာအုပ်ချုပ်ရေးတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကိုပိုမိုမြှင့်တင်ကြရန် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ကထောက်ပြပြောကြားသည်။

တရုတ်နိုင်ငံလူဦးရေတွင်အသက်အရွယ်ကြီးရင့်သူများပြားလာမှုသည် အဆက်မပြတ် နက်ရှိုင်းလာလျက်ရှိသည်။ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် နောက်ဆုံးအချက်အလက်များအရအသက် ၆၅ နှစ်နှင့်အထက် လူဦးရေမှာ ၂၀၀.၅၆ သန်းရှိပြီးတစ်နိုင်ငံလုံးလူဦးရေ၏ ၁၄.၂% ရှိလေသည်။ သက်ကြီးရွယ်အိုများကိုအေးအေးလူလူဘဝဖြတ်သန်းနိုင်စေရန်မှာပါတီဗဟိုကော်မတီ၏အလေးထားမှု ဖြစ်သည်။ သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးပြီးသက်ကြီးရွယ်အိုများကိုသာယာပျော်ရွှင်ပြီးပြည့်စုံသောဘဝတစ်ခုပိုင်ဆိုင်နိုင်စေခြင်းသည် ပါတီကော်မတီအဆင့်ဆင့်နှင့် အစိုးရ၏ အရေးကြီးတာဝန် ဖြစ်သည်ဟုရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ချန်တယ်မြို့သို့ လာရောက်ကြည့်ရှုစဉ်ကပြောကြားခဲ့သည်။ မကြာသေးမီကတရုတ်နိုင်ငံသည် “ ‘(၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်း’ အမျိုးသားသက်ကြီးရွယ်အိုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ဆောင်မှုစနစ် အစီအစဉ်” ကိုထုတ်ပြန်ခဲ့ပြီးအိမ်နှင့် ရပ်ရွာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ဆောင်မှု စွမ်းရည်များအားကောင်းလာစေရေး၊ သက်ကြီးရွယ်အိုများ၏ကျန်းမာရေးပံ့ပိုးမှုစနစ် ပြီးပြည့်စုံစေရေးစသည့် အသေးစိတ်လုပ်ငန်းတာဝန်များကိုဖော်ပြခဲ့သည်။ အနာဂတ်တွင် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ သက်ကြီးရွယ်အိုများအား ဝန်ဆောင်မှု အဆင့်အတန်းကို ဆက်လက်မြှင့်တင်ပြီးသက်ကြီးရွယ်အိုများကိုအသက်ကြီးလာချိန်၌ စောင့်ရှောက်မှုရရှိနိုင်၊ မှီခိုအားထားစရာရရှိနိုင်ရုံသာမကပျော်ရွှင်မှု၊ အကျိုးဆောင်မှုတို့လည်းရှိလာစေပြီးလက်တွေ့သာယာချမ်းမြေ့မှုများလက်တွေ့ပိုင်ဆိုင်နိုင်စေမည် ဖြစ်ပါသည်။

Share this story on

Messenger Pinterest LinkedIn