မြန်မာဘာသာ

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြု၊ တရုတ်နှင့် ရုရှားက ထောက်ခံမဲ ထည့်ခဲ့

criPublished: 2022-03-24 16:52:13
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၂၃ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရုရှားမှ အဆိုပြုသည့် ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ရာ ရလဒ်အနေနှင့် ထောက်ခံမဲ ၂ မဲ၊ ကြားနေမဲ ၁၃ မဲဖြင့် အဆိုပါမူကြမ်းကို အတည်မပြုနိုင်ခဲ့ပေ။ ၎င်းအနက် ရုရှားနှင့် တရုတ်တို့က ထောက်ခံမဲပေးခဲ့ကြသည်။

၂၃ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်ပြီးနောက် မိန့်ခွန်းပြောကြားရာတွင် ယူကရိန်းအကျပ်အတည်း ဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆက်လက် ဆိုးရွား လာကာ ပြင်ပသို့ ယိုဖိတ်သက်ရောက်မှုများ အဆက်မပြတ် ကျယ်ပြန့်လာပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း၊ လုံခြုံရေးကောင်စီသည် ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအရေးနှင့်စပ်လျဉ်း၍ အကြိမ်များစွာ ဆွေးနွေးခဲ့ကြောင်း၊ အရပ်သား ဒဏ်ရာရရှိ သေဆုံးမှု တိုးလာခြင်း၊ ဒုက္ခသည်အရေအတွက် များပြားလာခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ များစွာ လိုအပ်ခြင်း စသည့်သတင်းများသည် ဝမ်းနည်းဖွယ်ကောင်းကြောင်း၊ အခြားအဖွဲ့ဝင်များစွာကဲ့သို့ပင် တရုတ်နိုင်ငံသည် အရပ်သားများ ထိခိုက်ဒဏ်ရာရသေဆုံးမှုများကို အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ အခြေခံ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အတတ်နိုင်ဆုံး ကြိုးပမ်း လုပ်ဆောင်ရန် အမြဲတစေ တိုက်တွန်းကြောင်း၊ တစ်ချိန်တည်းတွင် လုံခြုံရေးကောင်စီသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ၎င်း၏ အဓိကတာဝန်ကို ကျေပွန်သင့်ပြီး ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအရေး၌ ရှိသင့်သည့်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု အမြဲတမ်း အဆိုပြုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအခြေအနေနှင့်စပ်လျဉ်း၍ အချက် ၆ ချက် အဆိုပြုခဲ့ပြီး ယူကရိန်း ကြက်ခြေနီအသင်းအား လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ အများအပြား ထောက်ပံ့ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တက်ကြွစွာ ပါဝင်ပြီး ဘက်အသီးသီးအား လူသားချင်း စာနာ ထောက်ထားမှု အရေးကို အာရုံစိုက်ရန်၊ နိုင်ငံရေးကွဲပြားမှုများကို ကျော်လွှားရန်၊ သဘောတူညီမှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းရှာဖွေရန်နှင့် လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်ကြရန် အမြဲတစေ တိုက်တွန်းကြောင်း၊ လုံခြုံရေးကောင်စီတွင် နောက်ဆုံး၌ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရရှိခဲ့ခြင်းသည် ဝမ်းနည်းစရာကောင်းကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်စေရန် အတွက် ဆက်လက်ကြိုးပမ်းပြီး ငြိမ်းချမ်းရေးအတွက် ပြောဆို၊ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn