မြန်မာဘာသာ

တစ်ဖက်သတ်အရိပ်အယောင်များ လွှမ်းမိုးနေသော အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေး

criPublished: 2022-03-23 11:45:22
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဝါရှင်တန်၌ “အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေး” ကျင်းပမည်ဟု အမေရိကန်အစိုးရက မကြာသေးမီက ကြေညာခဲ့သည်။ သို့သော် ထိပ်သီးအစည်းအဝေး ကျင်းပမည့်ရက်စွဲကို အိမ်ဖြူတော်က တစ်ဖက်သတ်ကြေညာခြင်းကြောင့် အာဆီယံနိုင်ငံများအား မကျေနပ်မှု ဖြစ်စေခဲ့သည်။ ယင်းမတိုင်မီက အာဆီယံနိုင်ငံခေါင်းဆောင်များသည် ရက်စွဲအချို့ကို အဆိုပြုခဲ့သော်လည်း အမေရိကန်က အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ ၂၀၂၂ ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်က “အမေရိကန်က ကြေညာတဲ့ရက်စွဲ မပြောင်းလဲရင် အာဆီယံနိုင်ငံခေါင်းဆောင် ထက်ဝက်လောက် တက်ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာသလောက်နီးပါးရှိပါတယ်” ဟု ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။ အာဆီယံနှင့် အမေရိကန် အရာရှိများ ညှိနှိုင်း၍ သင့်လျော်သည့် ထိပ်သီးအစည်းအဝေးအချိန်ကို ပြန်လည်သတ်မှတ်နိုင်ရန် ၎င်းက မျှော်လင့်သည်။ “တကယ်လို့ ထိပ်သီးအစည်းအဝေးရက်စွဲကို သဘောတူညီမှုမရပါက ကျွန်တော်က အစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုမည်” ဟု ၎င်းက ပြောကြားသည်။

ယခုအကြိမ်ထိပ်သီးအစည်းအဝေးသည် ဘိုင်ဒန်အစိုးရ၏ အရှေ့တောင်အာရှနှင့် ထိတွေ့ဆက်ဆံမှုတွင် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း အမေရိကန် “The Diplomat” ဝက်ဘ်ဆိုဒ်က မကြာသေးမီက ဖော်ပြခဲ့သည်။ အရှေ့တောင်အာရှသည် အာရှတွင် တရုတ်နိုင်ငံ၏ တစ်နေ့တခြား ကြီးထွားလာသော သြဇာလွှမ်းမိုးမှုကို ရင်ဆိုင်ရန် အဓိကနယ်မြေဖြစ်သည်ဟု အမေရိကန်က ရှုမြင်သည်။ သို့သော် အဓိကအချက်မှာ အမေရိကန်သည် “အင်ဒို-ပစိဖိတ်မဟာဗျူဟာ” တွင် အရှေ့တောင်အာရှ၏ ဗဟိုအချက်အချာကျမှုကို အလေးပေးပြောကြားခဲ့သော်လည်း ၎င်း၏ လက်တွေ့လုပ်ဆောင်မှုများသည် ဤအချက်နှင့် မကြာခဏ ကွဲလွဲနေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အရှေ့တောင်အာရှတွင် ဝါရှင်တန်၏ တိကျပြတ်သားသော ကုန်သွယ်မှုနှင့် စီးပွားရေးအစီအစဉ်များ မရှိခြင်းသည် အမေရိကန်၏ မူဝါဒက အမေရိကန်နှင့် ပိုမိုနီးကပ်သောမိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း၏ ကောင်းကျိုးများကို ပြသရမည့်အစား အဆိုပါနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ပိုမိုနီးကပ်သော မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း၏ ဆိုးကျိုးများကို တစ်ဖက်သတ် ထောက်ပြခြင်းအပေါ်တွင် ပိုမိုအာရုံစိုက်နေကြောင်း ထင်ရှားပါသည်။

လက်ရှိ ဖိအားများသော မဟာဗျူဟာပတ်ဝန်းကျင်တွင် အမေရိကန်နှင့် အာဆီယံတို့သည် ဘုံရပ်တည်ချက်နှင့် ကြားနေရပ်တည်ချက်ကို ရှာဖွေရမည် ဖြစ်သည်။ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ် စသည့်ဒေသတွင်းအရေးကိစ္စများနှင့် ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ထူထောင်ရေး၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ ရာသီဥတုအကျပ်အတည်း စသည့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဟု ခန့်မှန်းရသည်။ သို့သော် ယူကရိန်းအကျပ်အတည်း ဖြစ်ပွားမှုနှင့်အတူ အမေရိကန်သည် ရုရှားနှင့် ယူကရိန်းအရေး ဆွေးနွေးမှုကို ယခုအကြိမ်ထိပ်သီးအစည်းအဝေးသို့ ယူဆောင်လာမည်ကို အာဆီယံအချို့နိုင်ငံများက စိုးရိမ်ပူပန်နေကြသည်။

ယူကရိန်းပဋိပက္ခ ဖြစ်ပွားလာပြီးနောက် အမေရိကန်သည် ရုရှားကို အပြစ်တင်ရှုတ်ချရန် ကမ္ဘာ့နိုင်ငံအသီးသီးအား ဖိအားပေးလာပြီး အာဆီယံသည်လည်း ဖိအားပေးခံလာရသည်။ သို့သော် အာဆီယံက ထုတ်ပြန်သည့် ကြေညာချက်တွင် ဘက်အသီးသီးအား အပစ်အခတ်ရပ်စဲရန်သာ တိုက်တွန်းခဲ့ပြီး ရုရှားကို ရှုတ်ချခြင်း မပြုခဲ့ပေ။ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား စသည့်နိုင်ငံအများအပြားသည် ကြားနေမှုကို ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် အရှေ့နှင့်အနောက်ဆက်ဆံရေး ကြီးမားသောဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုအကြိမ်ထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့အရေးကိစ္စတွင် အမေရိကန်နှင့် အာဆီယံ၏ ရပ်တည်ချက်များကို ဖော်ပြမည့် ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ အရေးအကြီးဆုံးမှာ ယင်းသည် လက်ရှိ နိုင်ငံတကာစည်းစံနစ်ကို အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ပြီး ကိုယ်ပိုင်ဖွဲ့စည်းမှုမူဘောင် ပိုင်ဆိုင်ထားသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုအနေဖြင့် အာဆီယံသည် ယင်းစည်းစနစ်ကို အာရုံစိုက်သင့်ပါသည်။ သို့မဟုတ်ပါက ဤအဖွဲ့ဝင်ဆယ်နိုင်ငံသည် စူပါပါဝါနိုင်ငံ အားပြိုင်မှု၏ ကျားစေ့ ဖြစ်သွားနိုင်ပါသည်။

Share this story on

Messenger Pinterest LinkedIn