မြန်မာဘာသာ

ဆောင်းရာသီမသန်စွမ်းသူများအိုလံပစ်ပြိုင်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ

criPublished: 2022-03-14 16:56:20
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံ ဘေကျင်းတွင် ၁၃ ကြိမ်မြောက် ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲကို မတ်လ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်သည် “အသက်ရှင်သန်ရေး” ဖြစ်ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်မည်ဆိုလျှင် မသန်စွမ်းသူ ၃၀ ရာခိုင်နှုန်း ပါဝင်သော ဖျော်ဖြေတင်ဆက်မှုအချို့ကို တွေ့ရသည်။ ထို့အပြင် ဖွင့်ပွဲအခမ်းအနားတွင် မီးရှူးတိုင် ကို မျက်မမြင် မသန်စွမ်းအားကစားသမားကိုယ်တိုင် မီးထွန်းညှိခြင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရ သည်။ ယင်းသည် ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ သမိုင်း တစ်လျှောက်တွင် မသန်စွမ်းသူတစ်ဦးမှ မီးထွန်းညှိခြင်း ပြုလုပ်သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ မသန်စွမ်းအားကစားသမားကိုယ်တိုင် မီးရှုးတိုင်ကို မီးထွန်းညှိ လိုက်ခြင်းသည် မသန်စွမ်းသူများ၏ ကိုယ့်အားကိုယ်ကိုးစိတ် တစ်နည်းအားဖြင့် မိမိကိုယ်ကို စိန်ခေါ်ရေးစိတ်ဓါတ်ကို ခံစားမိသည်။

ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပြိုင်ပွဲ၏ တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင် စုစုပေါင်း ၂၁၇ ဦးရှိပြီး ယင်းအနက် အားကစားသမား ၉၆ ဦး (ကျား ၆၈ ဦး၊ မ ၂၈ ဦး) ရှိကာ နည်းပြ၊ သက်ဆိုင်ရာဝန်ထမ်း၊ ပြိုင်ပွဲတွင်ကူညီပေးသူနှင့် ဆေးကုသပေးသူ ၁၂၁ ဦးရှိသည်။ တိတိကျကျပြောရလျှင် ယခုအကြိမ်ကျင်းပသည့် ဆောင်းရာသီမသန်စွမ်းသူများအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် မသန်စွမ်းအမျိုးသမီးဦးရေသည်လည်း ယခင်ကကျင်းပခဲ့သည့် ပြုံချမ်းအိုလံပစ် ပြိုင်ပွဲထက် လူဦးရေပိုများသည့် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

ဘေကျင်းနှင့်ဟိုပေပြည်နယ် ကျန်းကျားခိုမြို့တွင် မသန်စွမ်းသူများဆိုင်ရာအားကစား ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ယခုအကြိမ် ပြိုင်ပွဲတွင် ဝှီးချဲဖြင့်ယှဉ်ပြိုင်ကြသည့် curling အားကစား၊ ဝှီးချဲဖြင့်ယှဉ်ပြိုင်ကြသည့် ice hockey အားကစားအပါအဝင် ပွဲစဉ်ကြီး ၆ ခုရှိပြီး ပွဲစဉ်ငယ် ၇၈ ခုရှိသည်။ သို့ဖြစ်၍ ဘေကျင်း ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၇၈ ခုအပါအ၀င် တခြားဆုတံဆိပ်များကို အားကစားသမားများ ဆွတ်ခူးရယူနိုင်ခဲ့ကြသည်။

တရုတ်မသန်စွမ်းအားကစားအဖွဲ့၏ ပြိုင်ပွဲအခြေအနေကို အကျဉ်းချုပ်တင်ပြရလျှင် မတ်လ ၅ ရက်နေ့ပြိုင်ပွဲ winter biathlon အမျိုးသား ၆ ကီလိုမီတာ (ထိုင်အနေအထား)ပြိုင်ပွဲစဉ်တွင် တရုတ်အားကစားသမား လျူဇီရွှိသည် တရုတ်နိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူး ပေးခဲ့ပြီး တရုတ်အားကစားသမား လျူမန့်ထောင်းသည် ကြေးတံဆိပ်ကို ဆွတ်ခူးရယူ ပေးနိုင် ခဲ့သည်။

ပြိုင်ပွဲကာလတစ်လျှောက် မတ်လ ၆ ရက်နေ့ ဒုတိယနေ့ ပြိုင်ပွဲရက်သည် တရုတ်မသန်စွမ်း အားကစားသမားများအတွက် မမေ့နိုင်သော အမှတ်တရထူးရရှိသည့်နေ့တစ်နေ့ဟု ဆိုရမည် ဖြစ်သည်။ ထိုနေ့တွင် တရုတ်မသန်စွမ်းအားကစားသမားများသည် နာရီအနည်းငယ်အတွင်း ဆုတံဆိပ် ၈ ခုကို ဆက်တိုက် ဆွတ်ခူးခဲ့သည့် အောင်မြင်မှုကိုရရှိခဲ့သည်။ ဆုတံဆိပ် ၈ ခုထဲမှ ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့သည့် ယူနန်အားကစားသမားရန်ဟုန်ချုံသည် လမ်းကြမ်းနှင်းလျှောစီး အမျိုးသမီးတာဝေး (ထိုင်အနေအထား)ပြိုင်ပွဲတွင် (၄၃)မိနစ် (၆.၇)စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှ ယခုအကြိမ်ဆောင်းရာသီ မသန်စွမ်း အိုလံပစ်ပွဲတွင်ရရှိသော (၅)ခုမြောက် ရွှေတံဆိပ်ဆုဖြစ်ခဲ့သည်။ ယူနန်အားကစားသမားမှရရှိသော ပထမဆုံးသော ဆောင်းရာသီမသန်စွမ်းအိုလံပစ်ရွှေတံဆိပ်ဆုလည်း ဖြစ်သည်။

၇ ရက်နေ့ပြိုင်ပွဲတွင်လည်း ဝှီးချဲစီးပြီးယှဉ်ပြိုင်ရသည့် curling ယှဉ်ပြိုင်မှုတွင် တရုတ် မသန်စွမ်းအားကစားအသင်းသည် ၉ မှတ် ၄ မှတ်ဖြင့် တောင်ကိုရီးယားအသင်းအား အမှတ် အပြတ် အသတ်ဖြင့် အနိုင်ရခဲ့ပြန်သည်။

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သန်စွမ်းသူသည် သာယာသည့်ဘဝကို ရရှိနိုင်သလို မသန်စွမ်းသူများသည်လည်း သာယာသည့် ဘဝကိုရရှိနိုင်သည်ဟု ပြောကြားခဲ့ဖူးသည်။ ယင်းသို့သော စကားနှင့်အညီ တရုတ်နိုင်ငံအနှံ့တွင် လွန်ခဲ့သည့်ခြောက်နှစ်ကတည်းကပင် မသန်စွမ်းသူများအတွက် ဘေးအန္တရာယ် ကင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ဘေးကင်း လုံခြုံသည့် ပတ်ဝန်းကျင်တည်ဆောက်ရေးကို အထူးအလေးပေးအကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ဘေကျင်းရှိ လမ်းမကြီးများတွင်၎င်း၊ တခြားပြည်နယ်များရှိ လမ်းများ တွင်၎င်း မသန်စွမ်းသူများအတွက် အခက်အခဲမရှိရအောင် ၀ှီးချဲရပ်နိုင်သည့်နေရာ၊ ၀ှီးချဲ သွားလာနိုင်သည့် လမ်းများ၊ မျက်မမြင်များ သွားလာနိုင်သည့်လမ်းများကို တစ်နိုင်ငံလုံးနီးပါး ဖော်ဆောင်ပေးခြင်းများအပြင် စီးတီးမတ်များတွင်လည်း မသန်စွမ်းသူများ အလွယ်တကူ ၀င်ထွက် သွားလာနိုင်သည့် လမ်းများကို ပြင်ဆင်ပေးထား နိုင်ခဲ့သည်။ ထို့အပြင် လေဆိပ်များ၊ပန်းခြံများ၊ ရထားတွဲများတွင်လည်း မသန်စွမ်းသူများ အသုံးပြုနိုင်သည့် လမ်းကြောင်းများ၊ အိမ်သာများ၊ အသုံးအဆောင်များကိုလည်း ထည့်သွင်း တပ်ဆင်ပေးထားသေးသည်။ အထူးသဖြင့် ဘေကျင်းတွင် ဆောင်းရာသီအိုလံပစ်နှင့် ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတော်များကို အခွင့်ကောင်းယူပြီး အိုလံပစ်ဆိုင်ရာ နေရာ(၁၀၈)ခုနှင့် အနီးတဝိုက်ရပ်ကွက်များတွင် မြို့ပြကို အတားအဆီး ပိုမိုကင်းမဲ့စေရန်နှင့် ပိုမိုအဆင်ပြေစေရန် ကြိုးပမ်းတည်ဆောက်ထားသည်များကို ပိုပြီး တွေ့မိသည်။ အဓိကအားဖြင့် ဆောင်းရာသီအိုလံပစ် မသန်စွမ်းပြိုင်ကွင်း(၈)ခုနှင့် ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်ရွာထဲတွင် အတားအဆီး အလုံးစုံ ကင်းမဲ့စေဖို့ ရည်ရွယ်ချက် ကောင်းကောင်းဖြင့် အကောင်အထည်ဖော်ခဲ့သည်က အတုယူစရာ ကောင်းသည်။

ဆောင်းရာသီမသန်စွမ်းသူများ အားကစားပြိုင်ပွဲကြီးအတွက် အထူးထိရောက်မှုရှိသည့် ကြိုးပမ်းဆောင်ရွက်ချက် နောက်တစ်ခုမှာ မသန်းစွမ်းသူများအတွက် အားကစားဆိုင်ရာ ပြိုင်ပွဲ များကို တရုတ်နိုင်ငံအတွင်း ၆ ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့ချင်းပင်ဖြစ်သည်။ ထို့သို့သော မသန်စွမ်းသူများဆိုင်ရာ ဆောင်ရွက်ချက်ကောင်းများရှိခြင်းကြောင့်၎င်း၊ မသန်စွမ်းသူများဆိုင်ရာ အားကစားလုပ်ငန်းများကို အရေးပေးသည့် အတွက်ကြောင့်၎င်း၊ တရုတ်မသန်စွမ်း အားကစား အဖွဲ့သည် ယခုအကြိမ် ကျင်းပသည့် ဆောင်းရာသီ မသန်စွမ်းသူများအိုလံပစ်ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၂၀ ခု၊ ကြေးတံဆိပ် ၂၃ ဆုနဲ့ ဆုတံဆိပ်ပေါင်း ၆၁ ခုရရှိပြီး ဆုတံဆိပ်ရရှိမှု အများဆုံးဖြင့် အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သည့် မှတ်တမ်းကောင်းများရရှိခဲ့ခြင်း ဖြစ်သည်။

ပီကင်းဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ် အားကစားပွဲတော်နှင့်ပတ်သက်ပြီး နိုင်ငံတကာ မသန်စွမ်းသူများ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Andrew Parsons ကလည်း ပီကင်းဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတော်သည် ပြည့်စုံကောင်းမွန်ပြီး တရုတ်ပြည်သူများ၏ စိတ်အားထက်သန်မှုကို အမှန်တကယ် ခံစားမိကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ ထို့အတူ အမေရိကန်နိုင်ငံမှ နှင်းလျောစီးအားကစားသမား Leila Dodley ကလည်း ဆောင်းရာသီ မသန်စွမ်းအိုလံပစ်ကျေးရွာနှင့် ပြိုင်ကွင်းတွေမှာပေးသည့် ဝန်ဆောင်မှုများ လွန်စွာ နွေးထွေးမှု ရှိသည်ဟု ထုတ်ဖော်ချီးကျူးခဲ့သည်ကို တွေ့ရသည်။

အချုပ်အားဖြင့် တင်ပြရလျှင် ၂၀၂၂ ခုနှစ် ဘေကျင်းဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်အားကစားပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ခြင်းသည် တစ်ကမ္ဘာလုံးရှိ မသန်စွမ်းသူ သန်း ၁၀၀၀ အတွက် ပိုမိုများပြားသည့် နွေးထွေးမှုနှင့် စိတ်လှုပ်ရှားမှုကို ဆောင်ကြဉ်း ပေးနိုင်ခဲ့သလို စည်းလုံးညီညွတ်မှုနှင့် မသန်စွမ်းသူများ အရေးကိုလည်း အလေးပေး ဖော်ဆောင် နိုင်ခဲ့သည်။ အထူးသဖြင့် မသန်စွမ်းသူပေါင်း ၈၅ သန်းကျော်ရှိသော တရုတ်နိုင်ငံတွင် မသန်စွမ်းသူများ၏ အားကစားလုပ်ငန်းအဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေခြင်းကို ပြသနိုင်ခဲ့သလို မသန်စွမ်းသူများ၏ ဘ၀ရည်မှန်းချက်များကို အပြည့်အ၀ အကောင်အထည် ဖော်ဆောင်နိုင်ခွင့် ရရှိခြင်းအပါအ၀င် မသန်စွမ်းသူများ၏ လူ့အခွင့်အရေး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု များကိုလည်း တရုတ်နိုင်ငံက ထူးထူးခြားခြား မှတ်ကျောက်တင် ဖော်ဆောင် ပေးနိုင်ခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။ စုသက်မှူး

Share this story on

Messenger Pinterest LinkedIn