ပီကင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှ မြန်မာစေတနာ့ဝန်ထမ်းရဲ့အတွေ့အကြုံများ
ကိုငြိမ်းထိုက်ဇော်ဟာပီကင်းဆောင်းရာသီအားကစားပြိုင်ပွဲ နိုင်ငံခြားသား စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်ပါတယ်။ ကိုငြိမ်းထိုက်ဇော်ဟာUniversity of Science and Technology Beijing မှာ Master Degree တက်ရောက်နေတဲ့ နောက်ဆုံးနှစ်ကျောင်းသား ဖြစ်ပါတယ်။ သူ့ရဲ့ မေဂျာဘာသာရပ်ကတော့ Control Science and Engineering ဖြစ်ပါတယ်။ သူဟာဘေဂျင်းကို ၂၀၁၈ ခုနှစ် ၉ လပိုင်းကရောက်ရှိပြီးယခုဆိုရင် ၄နှစ်ရှိပါပြီ။ သူကအားကစားလုပ်ရတာအရမ်းဝါသနာပါပြီးလူတွေကိုကူညီရတာလည်းဝါသနာပါတယ်လို့ ဆိုပါတယ်။ ပီကင်းဆောင်းရာသီအားကစားပြိုင်ပွဲနဲ့ ပတ်သက်ပြီးကိုငြိမ်းထိုက်ဇော် ကိုChina Media Groupက အခုလိုအင်တာဗျူး မေးမြန်းခဲ့ပါတယ်။
မေး-အစ်ကိုကဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲရဲ့ စေတနာ့ဝန်ထမ်းအလုပ်ကိုဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ခဲ့သလဲ။ ဘယ်လိုရွေးချယ်သလဲ။
ဖြေ-စေတနာ့ ဝန်ထမ်းဆိုတာအထူးသဖြင့် လူတွေကိုကူညီရတာပါပဲ၊ အဲ့ဒါကြောင့် စေတနာ့ဝန်ထမ်းလုပ်ဖြစ်တာပါ။ပြီးတော့ ယခုလို ကြီးကျယ်တဲ့ အားကစားပြိုင်ပွဲမျိုးကို ကျွန်တော်တို့ ကြုံဖို့မလွယ်ဘူးအဲ့ဒါကြောင့် ဆောင်းရာသီအိုလံပစ်ပွဲတော်ကြီးမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဖြစ်တာပါ။စေတနာ့ဝန်ထမ်းဖြစ်ဖို့ ရွေးချယ်တာကအိုလံပစ် ကျင်းပရေးကောင်စီကလာရောက်ပြီးအင်တာဗျူး ပါတယ်။ ပြီးတော့ ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကိုစေတနာ့ဝန်ထမ်းတစ်ယောက်မှာရှိသင့်တဲ့ ပြုမူဆောင်ရွက်မှုတွေကိုအတန်းတွေဖွင့်ပြီးသင်ကြားပေးပါတယ်။
မေး-ယခုအကြိမ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာအစ်ကိုကစေတနာ့ဝန်ထမ်းအနေနဲ့ ဘယ်လိုတာဝန်ထမ်းဆောင်သလဲ။ စေတနာ့ဝန်ထမ်းလုပ်စဉ်အစ်ကိုရဲ့အမှတ်ရဆုံးကိစ္စကိုပြောပြပေးပါဦးရှင်။
ဖြေ- ယခုဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ကျွန်တော်က ice hockey ကျင်းပရာwukesong stadium ကွင်းမှာစေတနာ့ဝန်ထမ်းလုပ်ရပါတယ်။ အထူးသဖြင့် လာရောက်ကြည့်ရှုတဲ့ ပွဲကြည့် ပရိသတ်တွေကို mask သေသေချာချာတပ်ဖို့ အားကစားကွင်းမှာပွဲကြည့်ပရိသတ်တွေ မသိတဲ့နေရာတွေ ထိုင်ခုံနေရာတွေကိုလမ်းညွှန်ပေးဖို့ ဖြစ်ပါတယ်။ အမှတ်ရစရာတွေကတော့ အများကြီးပါပဲ။ အဲ့ဒီထဲကမှ ပထမဆုံး ကျွန်တော်ကူညီပေးရတဲ့ ပွဲလာကြည့်တဲ့ ပရိသတ်ကခုလိုမျိုး volunteer လုပ်ပေးတာကိုသူ့အနေနဲ့ အရမ်းကျေးဇူးတင်ကြောင်းလာရောက်ပြောတဲ့အခါ ကျွန်တော့်အနေနဲ့ အရမ်းဝမ်းသာပါတယ်။ အမှတ်တရလည်းရှိမိပါတယ်။
မေး-တရုတ်နိုင်ငံကကိုဗစ်-၁၉ရောဂါ ဖြစ်ပွားချိန်မှာအိုလံပစ်ပြိုင်ပွဲကိုလုံခြုံစွာကျင်းပရန် ကွင်းပိတ်အနေနဲ့ ဆောင်ရွက်ပါတယ်။ ဒီလိုကျင်းပတဲ့အပေါ် အစ်ကို့အနေနဲ့ဘယ်လိုမြင်သလဲ။ ကွင်းပိတ် ဆောင်ရွက်မှုရဲ့အတွေ့အကြုံများကိုပြောပြပေးပါဦးရှင်။
ဖြေ- ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက်ကူးစက်ရောဂါနဲ့ပတ်သက်ပြီးအသေးအမွှားကိစ္စကအစဂရုတစိုက်ထားဆောင်ရွက်တာကိုတွေ့ရပါတယ်။အဲ့ဒီအတွက်လည်း ပြိုင်ပွဲမစတင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားမှုတွေ အများကြီးပြုလုပ်ထားတာတွေ့ရပါတယ်။ လာကြည့်တဲ့ပရိသတ်တိုင်းကွင်းအတွင်းမှာရှိတဲ့ volunteer တွေနဲ့တခြားသက်ဆိုင်ရာဝန်ထမ်းတွေအားလုံး ၄၈ နာရီအတွင်းဆေးစစ်ပြီးအဖြေထွက်မှ အားကစားကွင်းထဲသို့ ဝင်ခွင့်ရှိပါတယ်။ အားကစားကွင်းအတွင်းမှာလည်းတန်းစီတာထိုင်တာကအစသတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်းနေထိုင်ပြုမှု ဆောင်ရွက်ကြတာကိုတွေ့ရပါတယ်။ လာကြည့်တဲ့ ပရိသတ်များကလည်းအားလုံးလိုက်ပါဆောင်ရွက်ကြတာကိုတွေ့ရပါတယ်။
မေး-မြန်မာနိုင်ငံကဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကိုပါဝင်ဖို့ မျှော်မှန်းချက် ရှိမလား။
ဖြေ- မြန်မာနိုင်ငံမှာဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွေနဲ့ တူညီတဲ့ အားကစားနည်းကတော့ မရှိပါဘူး။ ဘေဂျင်းအိုလံပစ်မှာအားကစားနည်း(၇)မျိုးရဲ့ခေါင်းစဉ်(၁၅)မျိုးအောက်မှာဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။အထူးသဖြင့် နှင်းထုနဲ့ ရေခဲပြင် အခြေပြုကစားရတဲ့ အားကစားနည်းတွေဖြစ်ပါတယ်။မြန်မာနိုင်ငံကဆောင်းရာသီအိုလံပစ်အားကစားနည်းများကို စိတ်ဝင်စားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အားကစားကိုချစ်မြတ်နိုးတဲ့ နိုင်ငံမို့လို့ပါ။ ကျွန်တော်ကဆောင်းရာသီအားကစားပြိုင်ပွဲမှာရေခဲပြင် ဟော်ကီပြိုင်ပွဲကိုစိတ်ဝင်စားပါတယ်။ ကျွန်တော့်အမြင်ကတော့ မြန်မာနိုင်ငံအနေနဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုပါဝင်ဖို့ မျှော်မှန်းချက်ရှိနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်ကတောင်ကိုရီးယားမှာကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ရေခဲပြင်စကိတ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကမင်းသုခကရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာရေခဲပြင်စကိတ်ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်လို့ရပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ်ကစတင်ပြီးပထမဆုံးရေခဲပြင်စကိတ်ကွင်းလည်းဖွင့်လှစ်ထားရှိထားတာရှိနေပါပြီ။
မေး-အစ်ကိုကယခုအကြိမ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနဲ့မကြာမီကျင်းပမယ့် မသန်စွမ်းသူများဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲနဲ့ ပတ်သက်ပြီးဘာများပြောစရာရှိသလဲ။
ဖြေ- ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကတော့ ကြီးကျယ်ခမ်းနားစွာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ မသန်စွမ်းသူများဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုလည်းယခုလိုမျိုးအောင်မြင်စွာကျင်းပနိုင်ဦးမှာဖြစ်ပါတယ်။ အောင်မြင်စွာကျင်းပနိုင်ပါစေလို့လည်း ကျွန်တော့်အနေနဲ့ ဆုမွန်ကောင်းတောင်းပါတယ်။