တည်ငြိမ်မှုကို ရှေးရှုသော တရုတ်စီးပွားရေးသည် နိုင်ငံတကာ စီးပွားရေး တည်ငြိမ်မှုကို အထောက်အကူပြု
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ဒီလ ၅ ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှ တင်ပြထားတဲ့ အစိုးရ လုပ်ငန်း အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ်က ဖွံ့ဖြိုး တိုးတက်ရေး အောင်မြင်မှုများကို ပေါင်းရုံး သုံးသပ်ပြီး ၂၀၂၂ ခုနှစ် အဓိက လုပ်ငန်းတာဝန်များကို စီမံထားကာ စီးပွားရေး တိုးတက်မှု တည်ငြိမ်ရေးကို ပိုမို အရေးကြီးတဲ့နေရာမှာ ထားရမယ်လို့ ဖေါ်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စိန်ခေါ်မှု အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရပေမယ့် တရုတ်ပြည် စီးပွားရေးဟာ ဆက်လက် နာလန်ပြန်ထူလာခဲ့ပြီး စီးပွားရေး စုစုပေါင်း ပမာဏဟာ ယွမ် ဘီလီယံ ၁ သိန်း ၁ သောင်း ၄၄၀၀ ကျော် ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်မယ် ဆိုရင် တစ်နှစ်အတွင်း တိုးတက်မှု ပမာဏဟာ ဒေါ်လာ ဘီလီယံ ၃၀၀၀ ရှိပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုသမိုင်းမှာ မရှိစဖူးတာ ဖြစ်ပါတယ်။
မျက်မှောက်အချိန်မှာ တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့နေသေးကာ နိုင်ငံခြား ပတ်ဝန်းကျင်ဟာ ပိုမို ရှုပ်ထွေးပွေလီ ဖြစ်၍ မတည်မငြိမ် အကြောင်းရပ် ပိုမို များပြားလာနေတယ်။ တရုတ်ပြည် စီးပွားရေး တိုးတက်ခြင်းမှာ ဖိအားများစွာနဲ့ ရင်ဆိုင် နေရပါတယ်။ အဲဒီလို အခြေအနေမှာ တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ် GDP တိုးတက်နှုန်း ရည်မှန်းချက်ကို ၅့ ၅ ရာခိုင်နှုန်း ဝန်းကျင် အဖြစ် သတ်မှတ်ခြင်းဟာ တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ပြည်ပ အခြေအနေများကို အပြည့်အစုံ ထည့်သွင်းစဉ်းစားတာ ဖြစ်ပြီး စီးပွားရေး လည်ပတ်မှု လက်တွေ့အခြေအနေများနဲ့ ကိုက်ညီပါတယ်။
တည်ငြိမ်မှု ဖြစ်တဲ့ အခြေခံအုတ်မြစ် ခိုင်ခံ့မှသာ ပိုမို များပြားတဲ့ တိုးတက်နိုင်စရာ အလားအလာ ရှိနိုင်မယ်။ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စု အဖြစ်နဲ့ တရုတ်နိုင်ငံဟာ တစ်နှစ်တာ ရည်မှန်းချက် တာဝန်များကို ဖေါ်ဆောင်တဲ့ တစ်ချိန်တည်းမှာ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးအတွက်လည်း အပြုသဘောဆောင်တဲ့ အကျိုးများ ပြုသွားမှာ ဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး တည်ငြိမ်မှုကို အထောက်အကူပြုသွားမယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။