ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပရန် ကြိုဆိုကြောင်း တရုတ်ဆို
မတ်လ၁ရက်နေ့က ကျင်းပသောတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ် နိုင်ငံအနေဖြင့် ယူကရိန်းအကျပ်အတည်းကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရန် သံတမန်ရေး ဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို တစိုက်မတ်မတ် ထောက်ခံအားပေးကြောင်း၊ ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံအား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပရန် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့က ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တို့ သည် ဘီလာရုစ်-ယူကရိန်းနှစ်နိုင်ငံ နယ်စပ်မြို့ Gomelမြို့တွင် ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံတို့သည် မကြာမီတွင် အသစ်တစ်ကြိမ် ဆွေးနွေးပွဲကို ကျင်းပရန် ညှိနှိုင်းတိုင်ပင် ခဲ့ကြသည်ဟု မိမိတို့အနေဖြင့် သတိပြုမိကြောင်း၊ နှစ်ဦးနှစ်ဖက်တို့အား ဆွေးနွေးပွဲဖြစ်စဉ်ကို ဆက်လက် ထိန်းသိမ်းထားရန်၊ နှစ်ဦးနှစ်ဖက်တို့၏ ကျိုးကြောင်းဆီလျော်သည့် လုံခြုံရေးဆိုင်ရာအာရုံစိုက်မှုကို ထောက်ထားနိုင်သော၊ ဥရောပတိုက်၏ ဘုံလုံခြုံရေးကို အကောင်အထည်ဖော်နိုင်သော၊ ဥရောပတိုက်၏ ရေရှည်တည်ငြိမ်ရေးအတွက် အကျိုးရှိသော နိုင်ငံရေးကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းကို ရှာကြံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။