တရုတ်ဘက်သည် ရုရှားနှင့် ယူကရိန်း အကြား ဆွေးနွေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းရန် အားပေးထောက်ခံ
ယခုလ ၂၅ရက်နေ့က ရုရှားသမ္မတပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ဘက်သည် ယူကရိန်း ပြဿနာ၏ အမှားအမှန်နှင့် တရားနည်းလမ်း ကျမကျခြင်း အတိုင်း တရုတ်၏ သဘောထား ရပ်တည်ချက်ကို အဆုံးအဖြတ်ပေးကြောင်း၊ ထိပ်တိုက်ရင်ဆိုင်မှု ရှိသည့် စစ်အေး အတွေးအခေါ်ကို စွန့်လွှတ်ပြီး နိုင်ငံ အသီးသီး၏ ကျိုးကြောင်းဆီလျော်သော လုံခြုံရေး ဆိုင်ရာ အလေးထားချက်ကို လေးစားကာ ဆွေးနွေးခြင်းဖြင့် ညီမျှသော၊ ထိရောက်သောနှင့် ဆက်တိုက်ဆောင်ရွက်နိုင်သော ဥရောပ လုံခြုံရေး စနစ်ကို တည်ဆောက်သင့်ကြောင်း၊ တရုတ်ဘက်သည် ရုရှားနှင့် ယူကရိန်း အကြား ဆွေးနွေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းရန် အားပေးထောက်ခံကြောင်း ပြောကြားသည်။ ပူတင်က ယူကရိန်းဘက်နှင့် အဆင့်မြင့် ဆွေးနွေးပွဲကို ပြုလုပ်လိုကြောင်းလည်း ပြောကြားသည်။
ယင်းသည် အလွန် အရေးကြီးသည့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း ဖြစ်ပြီး ယူကရိန်း ပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး အတွက် တရုတ်ပြည်၏ ကြိုးပမ်းမှုလည်း ဖြစ်သည်။ တရုတ်ပြည် အနေနှင့် ယူကရိန်းနှင့် ရုရှား အကြား ဆွေးနွေးပွဲ ကျင်းပရန် တွန်းအားပေးပြီး ယူကရိန်း ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး အတွက် နည်းလမ်းကို ထောက်ပံ့ပေးခြင်းသည် နိုင်ငံကြီး တစ်နိုင်ငံ၏ တာဝန်ယူတတ်ခြင်းကို ပြသနေသည်။ တစ်ချိန်တည်းတွင် ယခုအကြိမ် တရုတ်-ရုရှား ထိပ်သီး ခေါင်းဆောင် အကြား တယ်လီဖုန်ဖြင့် ဆက်သွယ်ခြင်းတွင် အရေးကြီးသည့် အချက်ပြလိုက်သည်။ ယင်းအချက်ပြလိုက်ခြင်းမှာ ရုရှားနှင့် ယူကရိန်း အကြား စစ်ရေး အချင်းပွားမှု ဖြစ်ပွားခဲ့သော်လည်း နှစ်ဖက် အကြား ဆွေးနွေးခြင်းဖြင့် ပြဿနာ ဖြေရှင်းရန် ပြတင်းပေါက် ဖွင့်ထားနေသေးခြင်းပင် ဖြစ်သည်။
ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖော်ပြချက်များသည် နိုင်ငံရေး နည်းလမ်းဖြင့် ယူကရိန်း ပြဿနာကို ဖြေရှင်းရေး အတွက် တံခါးဖွင့်ထားနေသေးခြင်းကို အပြည့်အဝ ပြဆိုနေသည်။ ခုခံတိုက်ခိုက်မှုဖြင့် ပြဿနာကို မဖြေရှင်းနိုင်ပါ၊ စေ့စပ်ဆွေးနွေးခြင်းသည် ယူကရိန်း အကျပ်အတည်းကို ဖြေရှင်းရန် အတွက် ဆင်ခြင်မှု ရှိသည့် ရွေးချယ်မှုပင် ဖြစ်သည်။