မြန်မာဘာသာ

ဥရောပသည် အမေရိကန် အပေါ် သတိထားရန် လိုအပ်

cri2022-03-29 09:54:52

ဒေသ စံတော်ချိန် ယခုလ ၂၇ရက်နေ့က အမေရိကန် သမ္မတ ဘိုင်ဒင်သည် ဥရောပတွင် ၃ရက်ကြာ ခရီးစဉ် ပြီးဆုံးပြီ ဖြစ်၍ ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ အမေရိကန် Politico ဝက်ဘ်ဆိုက်တွင် ဘိုင်ဒင်၏ ယင်းခရီးလှည့်လည်ခြင်းသည် ယူကရိန်း အကျပ်အတည်း ဖြေရှင်းရန် တိကျတဲ့ နည်းလမ်း မပေးနိုင်ကြောင်း ရေးသားဖော်ပြသည်။ အမေရိကန်မှ တင်ပြသော စွမ်းအင်နှင့် စစ်ရေး လုံခြုံမှု ဆိုင်ရာ အဆိုပြုချက်များသည် လောလောဆယ် ဥရောပ ရင်ဆိုင်နေရသော ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ယူကရိန်း အကျပ်အတည်း အပေါ် မီးလောင်ရာလေပင့် စေမည်ဖြစ်သည်။

ထို့အပြင် ဘိုင်ဒင်က ပိုလန်နိုင်ငံတွင် မိန့်ခွန်းပြောကြားရာ၌ ရုရှား သမ္မတ ပူတင်သည် အာဏာ ဆက်လက် ချုပ်ကိုင်၍ မရတော့ကြောင်း ပြောကြားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအား တုန်လှုပ်စေသည်။ မိန့်ခွန်းပြောကြားပြီးနောက် အိမ်ဖြူတော်သည် ဘိုင်ဒင်၏ ယင်းပြောဆိုချက်ကို ရှင်းလင်းပြောကြားခဲ့သော်လည်း ၄င်းပြောဆိုချက်သည် ဝါရှင်တန်၏ စစ်မှန်သော ရည်ရွယ်ချက်ကို ပေါ်လွင်လာစေခဲ့သည်။ ယင်းစစ်မှန်သည့် ရည်ရွယ်ချက်မှာ ယူကရိန်း အကျပ်အတည်းဖြင့် ရုရှားကို ထိန်းချုပ်ဟန့်တားပြီး ဥရောပ သမဂ္ဂကို အားနည်းစေကာ အမေရိကန်၏ ဗိုလ်ကျလွှမ်းမိုးရေး အာဏာကို ထိန်းသိမ်းကာကွယ်ရန်ပင် ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ပြင်သစ် သမ္မတ မာကရွန်က ပြင်သစ်၏ ရည်မှန်းချက်မှာ သံတမန်ရေး နည်းလမ်းဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် စစ်တပ်ရုပ်သိမ်းခြင်းကို အကောင်အထည်ဖော်ဆောင်ရန်ပင် ဖြစ်ကြောင်း၊ မိမိတို့၏ အပြောအဆို ဖြစ်စေ၊ အပြုအမူ ဖြစ်စေ၊ အခြေအနေ တင်းမာမှုကို အရှိန်မမြင့်စေသင့်ကြောင်း ပြောကြားသည်။ ယင်းဖော်ပြချက်သည် ရုရှား-ယူကရိန်း အချင်းပွားမှု အပေါ် အမေရိကန်နှင့် ဥရောပ အကြား ကြီးမားသည့် သဘောကွဲလွဲမှု ရှိခြင်းကို ပြဆိုနေကြောင်း၊ အင်အားစု ၂စု၏ ရည်မှန်းချက် လုံးဝ မတူညီသည့် အခြေအနေမျိုးတွင် အပေါ်ယံ ကြည့်လျှင် အမေရိကန်နှင့် ဥရောပ အကြား မည်သို့ စည်းလုံးညီညွတ်သည် ဖြစ်စေ၊ နှစ်ဖက်အကြားရှိ သဘောကွဲလွဲမှုကို ဖြေရှင်းရန် အလွန်ခက်ခဲသည်။

အမေရိကန်၏ ဗိုလ်ကျစိုးမိုးရေး လော့ဂျစ်တွင် မဟာမိတ်နှင့် မိတ်ဖက် မရှိဘဲ အမေရိကန်အား ဦးစားပေးရေးသာ ထာဝစဉ် ရှိသည်။ ဥရောပ အတွက် စစ်မှန်သော လုံခြုံရေးသည် အနောက်တိုင်းနှင့် အရှေ့တိုင်းအကြား ခုခံယှဉ်ပြိုင်မှု ပြုလုပ်ရန် မျဉ်းကြောင်းသစ်ကို ပြန်လည်ပိုင်းခြားသတ်မှတ်ခြင်း ပေါ်တွင် အခြေခံတာ မဟုတ်ဘဲ ညီမျှ ထိရောက်ပြီး ဆက်တိုက်ဆောင်ရွက်နိုင်သော ဒေသတွင်း လုံခြုံရေး ဖွဲ့စည်းပုံ ထူထောင်ခြင်းပေါ်တွင် အခြေခံသည်။ ဥရောပသည် အမေရိကန် အပေါ် သတိထားရန် လိုအပ်ပြီး အလားတူ အမှားမျိုး ထပ်မလုပ်သင့်ပါ။

Close
Messenger Pinterest LinkedIn