မြန်မာဘာသာ

“အပေါ်ကို ကျောက်ခဲပစ်ရင် မိမိရဲ့ခေါင်းကို ပြန်မထိမိစေရန် သတိထားပါ” ဟူသော ဝေဂါစကားပုံတစ်ခုကို ကောလာဟလဖြန့်ဝေသည့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများကို လက်ဆောင်ပေးလိုက်သည်

cri2022-03-17 19:58:14

တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရသည် ၁၇ ရက်နေ့တွင် ပေကျင်း၌ ရှင်းကျန်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပြောရေးဆိုခွင့်ရှိသူ ရွှီကွေ့ရှန်းက လက်ရှိတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက်အစည်းအဝေးကို ဂျီနီဗာ၌ ကျင်းပလျက်ရှိကြောင်း၊ နိုင်ငံအချို့သည် ဖြစ်ရပ်မှန်ကို လျစ်လျူရှုပြီး ရှင်းကျန်း လူ့အခွင့်အရေးကိစ္စကို အကြောင်းပြု၍ တရုတ်နိုင်ငံကို တိုက်ခိုက် အမည်ဖျက်နေကြောင်း၊ အခြေအနေမှန်မှာ ရှင်းကျန်းသည် လူ့အခွင့်အရေးကို များစွာ အလေးထား လိုက်နာပြီး “ပြည်သူလူထုဗဟိုပြု” သော ဖွံ့ဖြိုးတိုးတက်ရေးအယူအဆကို အမြဲတမ်း လက်ကိုင်စွဲကြောင်း၊ ပြည်သူသာအဓိက၊ အသက်သာအဓိက ဟူ၍ ခံယူကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနိုင်ငံရေး၊ တရားမျှတမှု၊ လူမှုရေး စီမံအုပ်ချုပ်ရေး စသည့်နယ်ပယ်များ၌ တည်ဆောက်မှုအား အလုံးစုံစီမံမြှင့်တင်သည့်နည်းတူ အလုပ်အကိုင်၊ ပညာရေး၊ လူမှုဖူလုံရေး၊ ဆေးကုသရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး စသဖြင့် ကဏ္ဍစုံလုပ်ငန်းများကို ဘက်စုံ ကောင်းမွန်စွာ ဆောင်ရွက်ပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု အဆင့်ကို ဘက်စုံမြှင့်တင်လျက်ရှိကြောင်း ပြောကြားပါသည်။

ရွှီကွေ့ရှန်းက လူ့အခွင့်အရေးကို လေးစားကာကွယ်ခြင်းသည် နှုတ်ကတိသာ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ချက်လက်မှတ်အလွတ်မဟုတ်ဘဲ ရွှေငွေအစစ်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခဲ့သည့် နှစ် ၇၀ ကျော်အတွင်း ရှင်းကျန်း၏ လူ့အခွင့်အရေးလုပ်ငန်းသည် ယခင်က နိမ့်ပါးခဲ့ရာမှ ယခုအခါ တဟုန်ထိုးတိုးတက်လာကာ သမိုင်းဝင်ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ကြောင်း၊ လူမျိုးစုအသီးသီးသည် တည်ငြိမ်မှု၊ လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးတက်မှုတို့ကို တန်းတူညီတူ ခံစားရပြီး ယခင်က မကြုံဖူးခဲ့သော လက်တွေ့ကျသည့် ပျော်ရွှင်ချမ်းမြေ့ဖွယ်ဘဝကို ခံစားနေရကြောင်း၊ ယင်းသည်သာ အကြီးမားဆုံး လူ့အခွင့်အရေး ဖြစ်ကြောင်း၊ သို့သော် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ အမေရိကန်သည် ရှင်းကျန်း၏ လူ့အခွင့်အရေးအပေါ် အပြည့်အဝလေးစားမှုနှင့် ကာကွယ်စောင့်ရှောက်မှု အဖြစ်မှန်ကို လျစ်လျူရှုကာ ရှင်းကျန်းတွင် “လူ့အခွင့်အရေးချိုးဖောက်မှု” ၊ “လူမျိုးတုံးသတ်ဖြတ်မှု” ဟူသော ဓာတ်ပြားဟောင်းကြီးကို ပြန်လည်ပြောဆိုနေကြောင်း၊ ကြည့်ရသည်မှာ ၎င်းတို့သည် ယနေ့တိုင် အမှားကြီးကိုပဲလက်ကိုင်ထားပြီး မနိုးထနိုင်သေးကာ အမှောင်ထဲကိုသာ တောက်လျှောက်သွားနေလိုကြောင်း၊ ရှင်းကျန်းသည် သာယာကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းနေပါသည်၊ ကမ္ဘာကြီး ကမောက်ကမ ဖြစ်စေလိုစိတ်ဖြင့် ပြဿနာမရှာပါနှင့်ဟု အမေရိကန်နှင့် အနောက်နိုင်ငံများမှ တရုတ်ဆန့်ကျင်ရေးအင်အားစုများကို ကျွန်တော်တို့ သတိပေးကြောင်း၊ ၎င်းတို့ကို “အပေါ်ကို ကျောက်ခဲပစ်ရင် မိမိရဲ့ခေါင်းကို ပြန်မထိမိစေရန် သတိထားပါ” ဟူသော ရှင်းကျန်းစကားပုံတစ်ခု လက်ဆောင်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။

Close
Messenger Pinterest LinkedIn