ယနေ့ခေတ်… ရှီးဇန့် (သို့မဟုတ်) တိဘက် အပိုင်း-၂
သလဲသီးစေ့များလို ဖွံ့ဖြိုးရေးမှာ ဇန့်လူမျိုးတွေလည်း မကျန်ခဲ့
ရှီးဇန့်မှာလည်ပတ်စဉ် ရက်သတ္တပတ်အတွင်း ကျွန်မက ရှီးဇန့်ဒေသခံတွေ အိမ်ကိုသွားရောက် လေ့လာခွင့်ရခဲ့သလို သူတို့တွေနဲ့လည်း စကားတွေအများကြီး ပြောခွင့်ရခဲ့ပါတယ်။ အဲဒီထဲက ကျွန်မကို လိုက်ပါပို့ဆောင်ပေးတဲ့ ဒေသခံ ကားသမား ပြောတာကို ကျွန်မအခုထိ အမှတ်ရမိပါတယ်။
“ကျွန်တော် အရင်က တောင်ပေါ်ဒေသမှာနေတယ်။ အလုပ်မရှိဘူး။ အစိုးရရဲ့အစီအစဉ်နဲ့ ကျွန်တော်တို့မိသားစု မြို့ပြောင်းလာခဲ့ကြပေမယ့် အလုပ်မရှိလို့ ကျွန်တော့် မိသားစုစားဝတ်နေရေးအတွက် စိတ်ပူမိတယ်။ နောက်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ကားမောင်းသင်တန်းတက်တယ်။ အခုကားမောင်းပြီး မိသားစုအတွက် ဝင်ငွေ ရအောင်ရှာနိုင်ပြီ” လို့ဆိုပါတယ်။ ကားကိုကျွမ်းကျင်စွာ မောင်းနေတဲ့သူ့ကိုကြည့်ပြီး ရှီးဇန့်ဒေသအစိုးရဟာ ဒေသခံ ပြည်သူတွေအတွက် အလုပ်အာမခံပေးရတယ်ဆိုတဲ့ ပြန်ကြားရေးတာဝန်ခံစကားကို ကျွန်မတစ်ယောက် ပြန်လည် ကြားယောင်နေမိပါတယ်။
ဒါနဲ့တစ်ဆက်တည်း “သလဲသီးစေ့များလို တစ်စည်းတစ်လုံးတည်းဖြစ်ရမယ်” ဆိုတဲ့ သမ္မတရှီကျင့်ဖျင်စကား ကိုလည်း ထိတွေ့ခံစားမိလိုက်ပါတယ်။ တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်ရေးနဲ့ ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖျင်က နေရာများစွာမှာ ဒီစကားကို အကြိမ်ကြိမ် ဥပမာပြပြောဆိုခဲ့ဖူးပါတယ်။ အထူးသဖြင့် ရှီးဇန့်ကို သမ္မတရှီကျင့်ဖျင် လာရောက်စဉ်မှာ “တိုင်းရင်းသား လူမျိုးစု ၅၆ စုဟာ တရုတ်အမျိုးသား အသိုက်အဝန်းတစ်ရပ် ဖြစ်တယ်။ တိုင်းရင်းသားပေါင်းစုံတို့ သွေးစည်းညီညွတ်စွာနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆိုရှယ်လစ်လမ်းကြောင်းမှာ တက်ညီလက်ညီ ပါဝင်ခဲ့တယ်။ တိုင်းရင်းသား လူမျိုးစုများအားလုံးဟာ သလဲသီးစေ့များလို တစ်စည်းတစ်လုံး တည်းဖြစ်ရမယ်။ တိုးတက်ဖွံ့ဖြိုးမှုမှာ ဘယ်တိုင်းရင်းသားတစ်စုကိုမှ ချန်ထားခဲ့လို့မရဘူး” ဆိုတဲ့စကားက ဒေသခံ မဟုတ်တဲ့ ကျွန်မလိုလူရဲ့ ရင်ကိုတောင်လှုပ်ရှားစေပါတယ်။ ရှီးဇန့်ဒေသက ဇန့်လူမျိုးတွေ အတွက်ကတော့ ဒီစကားရပ်ဟာ ခွန်အားတစ်ရပ် ဖြစ်စေသလို ဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးမှာ မောင်းနှင်အား တစ်ခုဖြစ်စေမှာ အမှန်ပါပဲ။
ရှီးဇန့်ကို ကျွန်မရောက်ရှိစဉ်ကာလမှာ ဇန့်လူမျိုးရွာတစ်ရွာကို သွားရောက်လေ့လာခွင့်လည်း ရခဲ့ပါတယ်။ အဲ့ဒီရွာဟာ အရင်ကဆင်းရဲခဲ့တဲ့ ရွာကလေးဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ခရီးသွားလုပ်ငန်းနဲ့ ဆင်းရဲမှုပပျောက် ခဲ့ပြီလို့သိရပါတယ်။ ရွာကလေးရဲ့အနီးမှာ လေဆိပ်ဆောက်နေပြီဖြစ်ပြီး လေဆိပ်ဆောက်ပြီးသွားရင် သူတို့ရွာကို ခရီးသွားတွေ ပိုမိုလာရောက်ဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ ဒါနဲ့ရှီးဇန့်မှာရှိကြတဲ့ ရှီးဇန့်ကျေးလက် ဒေသခံများရဲ့ နှစ်စဉ်ပျမ်းမျှ တစ်ဦးချင်းဝင်ငွေကို စုံစမ်းကြည့်လိုက်တော့ မူလက ၅၆၉၈ ယွမ်ရရာကနေ အခုအခါ လူတစ်ဦးအနေနဲ့ ၁၄၅၉၈ ယွမ် အထိတိုးရလာပြီး ဝင်ငွေ ၁၂.၅ရာခိုင်နှုန်း တိုးလာပြီဖြစ်တယ်လို့ သိရပါတယ်။ ဝင်ငွေ ၁၄၅၉၈ ယွမ်ရတယ်ဆိုရင် မြန်မာငွေနဲ့တွက်ရင် သိန်းနှစ်ဆယ်ကျော် ဝင်ငွေရှိတာမို့ လုပ်ခလစာဝင်ငွေက အားရစရာကြီးလို့ ဆိုရပါမယ်။ ဒါ့ကြောင့်လည်း ရှီးဇန့်ကျေးလက်ဒေသမှာ ဆင်းရဲသူဦးရေ တဖြည်းဖြည်း လျော့နည်းလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှုပပျောက်ရေး ဆောင်ရွက်ချက်မှာ အသင့်အတင့်ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေးဟာ အတော့်ကိုခရီးရောက်နေပြီလို့ ကောက်ချက်ချလို့ရပါတယ်။ သမ္မတရှီကျင့်ဖျင် အမြဲပြောနေကြစကားဖြစ်တဲ့ “ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ယောက်မှ နောက်ကျမကျန်ခဲ့စေဖူး” ဆိုတဲ့စကားက ဒီလိုရလဒ်မျိုးကို သက်သေထူတယ်လို့ ကျွန်မခံစားမိပါတယ်။
ရှီးဇန့်မှာ ပြန်လည်ရှင်သန်ရေး အိပ်မက်ကို ကောင်းကောင်းမက်နိုင်ပြီ
ရှီးဇန့်ကိုရောက်ချိန် ယူးရှုးမြို့ဆိုတဲ့ မြို့ကလေးမှာ ၃၊ ၄ ရက် ကြာကျွန်မ လေ့လာခွင့်ရခဲ့ပါ သေးတယ်။ ဒေသ အစိုးရရဲ့တာဝန်ရှိ သူတစ်ဦးက “ကျွန်တော်တို့မြို့လေးကနေ တခြားဒေသဆီသွားချင်ရင် အရင်က ၃၊ ၄ ရက် လောက်ကြာအောင် အဆင့်ဆင့်ခရီးသွားရတယ်။ အခုတော့ ကျွန်တော်တို့ဒေသမှာ ကားလမ်းတွေအားလုံး ကောင်းလာပြီ။ အရင်လိုအချိန်တွေ အများကြီးပေးစရာ မလိုတော့ဘူး။ လေယာဉ်စီးသွားရင် ခရီးကိုတစ်နာရီ နှစ်နာရီအတွင်း သွားလာနိုင်ပြီ။ ကားလမ်းတွေလည်း တရုတ်ပြည်အနှံ့ ချိတ်ဆက်ထားနိုင်ပြီ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ရထားလမ်းလေးတော့ လိုချင်မိတယ်ဗျာ” လို့ သူ့ရဲ့ဆန္ဒကို ကျွန်မကိုရင်ဖွင့် ပြောပြဖူးပါတယ်။ တောင်ကုန်းတွေ အင်မတန်ပေါများတဲ့၊ အောက်ဆီဂျင်နည်းပါးတဲ့ ဒေသမှာ ကုန်းပြင်မြင့် လျှပ်စစ်ရထားဖြစ်ပေါ် လာနိုင်ပါ့မလား အဲဒီတုန်းကကျွန်မ တွေးခဲ့မိပါတယ်။ အဲဒီနောက်ပိုင်း ရှီးဇန့်ကနေ ပြန်လာပြီး လအတော်ကြာမှာ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော ကုန်းပြင်မြင့်သွား လျှပ်စစ်ဓါတ်အားသုံး ရထားလမ်းဖွင့်လှစ် လိုက်ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်မှာတော့ ဒေသအစိုးရရုံးက တာဝန်ရှိသူရဲ့ပြောစကားကို ကျွန်မတစ်ယောက်ပြန်လည် အမှတ်ရသွားမိပါတယ်။ အခုဆိုရှီးဇန့်မှာ တစ်နာရီကိုကီလိုမီတာ(၁၆၀) မောင်းနှင်နိုင်တဲ့ ရထားလမ်းပေါ်ပေါက် လာပြီမို့ ရှီးဇန့်ဒေသမှာ ရထားမရှိတဲ့သမိုင်းကို အဆုံးသတ်စေပြီဖြစ်သလို ဒေသတွင်း ရထားလမ်းကွန်ရက်ကို တစ်ဆင့်တိုး ပြည့်စုံလာစေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင်လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကို တိုးမြှင့် လာနိုင်ခဲ့ပြီဖြစ်လို့ ရှီးဇန့်ကနေ ဒေသအများအပြားကို ကား၊ လေယာဉ်နဲ့သာမက ရထားလမ်းကြောင်းနဲ့လည်း ခရီးဆန့်နိုင်ပြီဖြစ်ပါတယ်။ ဒီသတင်းဟာ ရှီးဇန့်မှာရထားလမ်း လိုချင်နေကြတဲ့ ဒေသခံတွေအတွက် မုဒိတာပွား ဝမ်းသာကြည်နူးစရာ သတင်းလို့ဆိုရပါမယ်။
အခုဆို ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ငြိမ်းချမ်းတဲ့ လွတ်လပ်ရေးရရှိခဲ့တာ နှစ် ၇၀ ပြည့်ခဲ့ပါပြီ။ ဒီ့အတွက် ရှီးဇန့်တိုင်းရင်းသားတွေ လှပချမ်းသာသော ရှီးဇန့်သစ်ကို ထူထောင်ပြီး ပြန်လည်ရှင်သန်ရေး အိပ်မက်ကို ကောင်းကောင်း မက်နိုင်ခဲ့ပြီလို့ဆိုရပါမယ်။ ရှီးဇန့်စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဟာ ပြောစရာမလိုအောင် တိုးတက်မှုရရှိနေပါပြီ။ ရှီးဇန့်တိုင်းရင်းသား လူမျိုးစုများဟာ တရုတ်ပြည်ရဲ့ အခြားလူမျိုးစုများနဲ့အတူ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှုနဲ့ ဂုဏ်သိက္ခာရှိမှုကို ရရှိခံစားနေကြပါပြီ။ လက်ရှိအချိန်မှာ ရှီးဇန့် တိုင်းရင်းသားလူမျိုးစု ပြည်သူတွေဟာ အချင်းချင်းချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ကြပြီ ဖြစ်သလို ဇန့်လူမျိုးရဲ့ယဉ်ကျေးမှု၊ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိမှုတွေနဲ့အတူ ရှီးဇန့်ဟာ စီးပွားလူမှုရေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီမို့ လုံခြုံတည်ငြိမ်တဲ့ ရှီးဇန့်ဟာ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းမှာ ငြိမ်းချမ်းစွာရှင်သန်ဖွံ့ဖြိုးရေး လမ်းကြောင်း ဆီ ဦးတည်နေပြီဖြစ်ပါကြောင်း “ယနေ့ခေတ် ရှီးဇန့် သို့မဟုတ် တိဘက်” အကြောင်း မှတ်တမ်းပြုရေးသားလိုက်ရ ပါတယ်။
စာရေးသူ-စုသက်မှူး