စန်းရှားကလေးလို့ခေါ်တဲ့ ပုလဲကန်။တရုတ်လိုဆိုရင်တော့ ဇိန်ကျူးဟူးကန်လို့ခေါ်သတဲ့။နာမည်ကို ကြားရရုံနဲ့တင် ရင်ခုန်စရာ။ဘယ်သူမဆိုနားထဲမှာစွဲနေမိတာက ပုလဲကန်တဲ့။
ပုလဲဆိုတာ ရေအောက်ကမ္ဘာမှာနေထိုင်တဲ့ ကမာကောင်တွေရဲ့ နှလုံးသားထဲက ရတနာ။ကမာတို့ ရဲ့ အပြစ်ကင်းလှတဲ့ မျက်ရည်လို့လည်းခေါ်ရမယ်ထင်ရဲ့။မျက်ရည်တွေနဲ့စိုနေတဲ့ မိန်းမတစ်ယောက်ရဲ့ မျက်ဝန်းလို၊အဲဒီမျက်ရည်တွေဟာ ပုလဲလိုကြည်နေမယ်ဆိုရင်တော့ အဲဒီမျက်ဝန်းရဲ့ ညှို့နိုင်စွမ်းကို ခံနိုင်ရည်ရှိဖို့ရာမလွယ။်ပုလဲကန်ဆိုတာကလည်းအဲဒီလိုညှို့နိုင်စွမ်းတွေနဲ့လားတော့မသိ။ထားတော့။ပီကင်းအနောက်မြောက်ပိုင်းဆင်ခြေဖုံးဒေသ၊မိန်ထုတ်ကိုးဇုန်မှာပွင့်နေတဲ့ပုလဲကန၊်စုစုပေါင်းဧရိယာအကျယ်အ၀န်းက၅စတုရန်းကီလိုမီတာ။
ဘာလို့ပုလဲကန်လို့ ခေါ်သလဲဆိုတော့ အဲဒီကန်ထဲမှာ ပုလဲရတနာတို့ မွေးဖွားရာ ကမာကောင်များစွာ ရှိနေတာကြောင့်လို့သိရပါတယ်။ပြီးတော့ ပုလဲကန်ဟာ တရုတ်ပြည်မြောက်ပိုင်း ထိုက် ဟန်းတောင်ရိုးက မရှီချိုင့်ဝှမ်းမှာတည်ရှိပြီး အရမ်းကိုဝိုင်းဝိုင်းပြည့်ပြည့်နဲ့ မြေပုံထဲမှာကြည့်လိုက်ရင် ထိုက် ဟန်းတောင်မှာကပ်နေတဲ့ ပုလဲတစ်လုံးလိုမြင်ရတာကြောင့်လည်း ပုလဲကန်လို့ ခေါ်ဆိုခြင်းလို့ သိရပါတယ်။
ပုလဲကန်ကို အပေါ်ယံဝေ့၀ဲကြည့်မယ်ဆိုရင်တော့ သာမန်ရေကန်တစ်ကန်လိုပါပဲ။ပုလဲကန်ကို တောတွေတောင်တွေ ထူထူထဲထဲ ၀န်းရံထားတာမို့ ကမ်းခြေကနေ လှမ်းကြည့်ရင် ခပ်ငယ်ငယ်ရေကန်တစ် ကန်အဖြစ်သာ မြင်ရပါတယ်။ဒီရေကန်ထဲ အပျော်စီးမော်တော်ငယ်လေးနဲ့ တိုးဝင်သွားမှသာ မထင်မှတ်ထား တဲ့ရေပြင်ကျယ်ကြီးကို ဘွားခနဲ မြင်ရမှာဖြစ်ပါတယ်။