မြန်မာဘာသာ
You are here: Home > News > Myanmar > Article

မြန်မာပြည်ရဲ့ အပူပြင်းဆုံး အယ်လ်နီညိုရဲ့ နောက်ကွယ်မှာ

2016-02-18 17:24:24

          မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကို ခံစားနေရပြီဆိုတာ ငြင်းစရာ မလိုတဲ့ အချက်တစ်ချက်ဖြစ် ပါတယ်။ လက်ရှိအချိန်မှာ အယ်လ်နီညို ဆိုတဲ့ ပူးပြင်းတဲ့ ရာသီဥတု ဒဏ်ကို ပြည်သူတိုင်း ခံစားနေရကြပါ တယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့အတူ ဖြစ်ပေါ်တတ်တဲ့ စိုက်ပျိုးရေး အခက်အခဲ၊ ကျန်းမာရေးဂရုစိုက်မှုနဲ့ ဆန် စပါး ဈေးကွက် အခြေအနေတို့ဟာ နောက်ဆက်တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။ဖြစ်ပေါ်နေတဲ့ ရာသီဥတုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နယ်ပယ်က ကျင်လည်နေသူအချို့ကို China.com မှ တွေဆုံမေးမြန်းချက် အချို့ကို တင်ပြလိုက်ပါတယ်။

မြန်မာပြည်ရဲ့ အပူပြင်းဆုံး အယ်လ်နီညိုရဲ့ နောက်ကွယ်မှာ

ဦးလွင်(မွန်ပြည်နယ်၊ ရေးမြို့မှ တောင်သူ)

ရာသီဥတုက မနှစ်ကနဲ့ မတူတော့ ပြဿနာတွေ အများကြီး ကြုံရပါတယ်။ မနှစ်က တစ်ဧကကို အထွက်နှုန်း ၆၀ လောက်ထွက်တဲ့သူတွေက ဒီနှစ်မှာ ၃၀ လောက်ပဲထွက်တော့တယ်။ တစ်ဝက်လောက်ကို အထွက် နှုန်းလျော့သွားတာပါ။ ပြီးတော့ ကျွန်တော်တို့ မွန်၊ကရင်၊ တနင်္သာရ်ာဘာစိုက်ပျိုးကြတာ များပါတယ်။ အခုဆို ရင်ရော်ဘာတွေလည်း လွင်ထီးခေါင်တွေ ဖြစ်ကုန်ပြီ။ လယ်ယာ စိုက်ပျိုးရေးမှ မဟုတ်ပါဘူး။စိုက်ပျိုးရေး မှန် သမျှ အကုန်လုံး တော်တော်များများ ဒုက္ခရောက်ကြတာပါ။ အခုဆိုရင် ရာသီဥတုက အယ်လ်နီညိုဆိုတာကို တော့ ကြားထားပါတယ်။ ဒါပေမယ့် ဒီရာသီဥတုကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာက ကျွန်တော်မသိဘူး။ ပညာပေးမှုလည်း မရှိသလောက် ရှားတော့ အသိလည်း နည်းပါးတယ်။ ကံကိုပဲ အားကိုးတဲ့သူတွေဆိုတော့ ပညာဘက်မှာ သတိပေးမှုအားနည်းတော့ ပိုဆိုးတာပေါ့။

မြန်မာပြည်ရဲ့ အပူပြင်းဆုံး အယ်လ်နီညိုရဲ့ နောက်ကွယ်မှာ

ဦးအောင်ကျင်စိန်(ဧရာဝတီတိုင်းမှ တောင်သူ)

အခုက အယ်လ်နီညို ရာသီဥတုဆိုတာကိုတော့ သိပါတယ်။ လတ်တလောမှာတော့ ပဲစိုက်တဲ့သူတွေအတွက် ဒုက္ခရှိတာပါ။ နောက်မိုးနည်းတဲ့ အခါကတော့ ပဲတွေက  အထွက်မှာ တော်တော်လေး ညံ့ဖျင်းပါတယ်။ ပဲဆိုတဲ့ သဘောတရားက လူက ဘယ်လောက်ပဲ ပြုပြင်ပေမယ့် သဘာဝအပေါ် မှုတည်ပါတယ်။ ရာသီဥတု မမှန်ရင် ပဲအထွက် ညံ့တာပါပဲ။ ဒါပေမယ့် ပဲအထွက်ညံ့ပေမယ့် ဈေးနှုန်းလေး ကောင်းနေတော့ ပဲစိုက်တောင်သူတွေ တော်တော်လေးတော့ ခံသာပါတယ်။ ကျွန်တော်တို့ ဧရာဝတီမှာကတော့ နဂိုကတည်းက ရေခံမြေခံ ကောင်းတော့ လက်ရှိမှာတော့ အယ်လ်နီညိုကြောင့် အရမ်း ဒုက္ခမရှိသေးပါဘူး။ ရာသီဥတုကတော့ သိသိသာသာ အပူချိန်မြင့်နေတာ သိသာပါတယ်။

ဒေါက်တာမီမီကို(ဆရာဝန်)

အယ်လ်နီညို ရာသီဥတုက ၁၉၈၀ လောက်ကတည်းနေ ဖြစ်ခဲ့တာ ၁၁ ကြိမ်လောက်ရှိပြီ။ အခုဆိုရင် ရာသီဥတုက အရင်ကလို တဖြည်းဖြည်း ပြောင်းလဲလာတာ မဟုတ်ဘူး။ ရုတ်ချည်း ပြောင်းလဲနေတာ။ လွန်ခဲ့တဲ့ သုံးရက်လောက်က အေးတယ်။ အခုအရမ်းပူတယ်။ ရာသီဥတု ပြောင်းလဲတဲ့ အပြောင်းအလဲပေါ် မှုတည်ပြီး ကျန်းမာရေး ထိခိုက်မှုတွေ ရှိပါတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေက ဆက်စပ်မှုရှိတယ်။ အယ်လ်နီညိုကြောင့် ရာသီဥတုကပူတယ်။ ပူတော့ တစ်ဖက်က ပြန်ကြည့်ရင် ရေရှားမယ်။ ရေရှားတော့ ခန္ဓာကိုယ် တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ မရှိတော့ဘူး။ ၀မ်းပျက် ၀မ်းရှောတွေ ဖြစ်မယ်။ မျက်စိနာမယ်။ ဒါတွေကို ဂရုစိုက်ဖို့လိုပါတယ်။

ဦးသန်းဦး(ဘုရင့်နောင် ရတနာမြိုင်ဆန်ပွဲရုံ)


အခုလောလောဆယ်တော့ ရာသီဥတုကြောင့်တော့ ဆန်စပါးဈေးကွက် သိပ်ထိခိုက်တာ မရှိပါဘူး။ တောင်သူတွေကလည်း စပါးကို လှောင်းထားတယ်။ အကုန်လုံး ထုတ်ရောင်းတာ မဟုတ်ဘူး။ အဲ့ဒီလိုပဲ စုတဲ့သူကလည်း လှောင်ထားတာပဲ။ အားလုံးက စပါးကို ကိုင်ထားပြီး ရာသီဥတုကို အကြောင်းပြပြီး ကိုင်ကစားနေကြတာပါ။ တောင်သူရဲ့ သဘောတရားက ငွေကို ကိုင်ထားတာ မဟုတ်ဘူး။ သူတို့ရဲ့ သီးနှံကိုပဲ ကိုင်ထားကြတာ။ ၄ လပိုင်းလောက်ဆိုရင်တော့ သူတို့မှာ ရှိတာအကုန်လုံး ထုတ်ရောင်းပြီး နောက်တစ်ရာသီစပါးကိုပဲ လုပ်တော့တယ်။ နွေးစပါးက အပူဒဏ်ကို မကြောက်ဘူး။ မိုးကိုပဲ ကြောက်တာ။ ဒါပေမယ့် ရေပြတ်လတ်သွားရင်တော့ စိုးရိမ်စရာပါပဲ။

စည်သူ - စုစည်းတင်ပြသည်

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ