အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် ဖိတ်ကြားချက်အရ ဇွန်လ ၈ရက်နေ့ Novotel Hotel ၌ ကျင်းပပြုလုပ်သော မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက်အခမ်းအနားသို့ တက်ရောက် ခဲ့သည်။ အဆိုပါအခမ်းအနား၌ China.com မှ လာမည့် (၁၀)ရက်နေ့တွင် ချစ်ကြည်ရေးခရီးစတင်တော့မည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံးတရုတ်ပြည်တရားဝင်ခရီးစဉ်နှင့်ပတ်သက်၍ နာယက ဦးတင်ဦးကို မေးမြန်းခဲ့ပါသည်။
“၂၀၁၅ခုနှစ် ဇွန်လ ၅ရက်နေ့ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်မှာပါ”ဟု နာယက ဦးတင်ဦးကပြောသည်။
နာယကကြီးက "ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၅ရက်တာသွားရောက်မှာဖြစ်ပါတယ်။ အရင်ကတည်းက တရုတ်နိုင်ငံမှ ဖိတ်ကြားသော်လည်း အခြားသော ဒီမိုကရေစီနိုင်ငံများမှ ခေါင်းဆောင်ကြီးများ ဖိတ်ကြားထားသော အချိန်နှင့်တိုက်ဆိုင်နေသောကြောင့်မသွားဖြစ်ခဲ့ပါဘူး။ ဒီတစ်ကြိမ် တော့ တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်ကြီးများနှင့်တွေ့ဆုံမှာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ ချစ်ကြည်ရေးကိစ္စ များကို ဆွေးနွေးကြမှာဖြစ်ပြီး နှစ်နိုင်ငံပိုမိုရင်းနှီးမှုရရှိစေရန်ဆောင်ရွက်သွားမည်" ဟုပြောကြားသွားပါသည်။
အခုသွားမယ့်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က မည်သည့်အကြောင်း အရများကို အဓိက ဆွေးနွေး ချင်ပါသလဲဟု မေးမြန်းတဲ့အခါမှာ နာယက ဦးတင်ဦးက “ပထမဦးဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သောကြောင့် မည်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ဆိုတာကို အတိအကျ မသိရှိသေးကြောင်း ၊ ဒါပေမယ့် တွေ့ဆုံပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း" ပြောကြားသွားပါသည်။